shared by ThiThi on 05/08/17  -  thevoicemyanmar.com  -  News

မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း၊ ကိုးမိုင် Ocean Center ရှေ့ရှိ Farmer Money Changer တွင် ယနေ့ (သြဂုတ်လ ၅ ရက်) နံနက် ၈ နာရီခွဲက အမျိုးသားတစ်ဦး ဆိုင်အတွင်း သေနတ်တစ်ချက် ပစ်ဖောက်၍ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ဆိုင်ထဲ သေနတ်ပစ်ဖောက်ခဲ့သူ အမည်မသိ အမျိုးသားမှာ ဒေါ်လာ ၃၀ အား လာလဲစဉ် ၎င်းတွင် ပါလာသည့် သေနတ်အား ဆွဲထုတ်ကာ ပစ်ဖောက်ခဲ့သောကြောင့် ဆိုင်ထဲရှိ ဘုရားပုံမှာ ကျည်မှန်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

ငွေလဲကောင်တာဆိုင်ထဲ ပစ်ဖောက်ခဲ့သည့် ကျည်ခွံကို သိမ်းဆည်းရမိထားပြီး သေနတ်ပစ်ဖောက်ခဲ့သည့် အမည်မသိ အမျိုးသားအား ဖမ်းဆီးအရေးယူနိုင်ရန် နယ်မြေအနှံ့ ပိတ်ဆို့ရှာဖွေ စုံစမ်းမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်က Farmer Money Changer ဆိုင်ခွဲတစ်ခု ဖြစ်သော တော်ဝင်စင်တာအနီး ပြည်လမ်းဘေးရှိ ငွေလဲကောင်တာဆိုင်တွင် အမျိုးသားသုံးဦးက ဆိုင်ဝန်ထမ်းအား ရိုက်နှက်ကာ ကျပ်သိန်း ၃၀၀ ကျော်ကို လုယူ၍ Alphard ယာဉ်တစ်စီးဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ယင်းအပြင် မြေနီကုန်း ခုံးကျော်တံတား အနီးရှိ ငွေလဲကောင်တာဆိုင် တစ်ခုတွင် အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်ပစ်ဖောက်ပြီး ဒေါ်လာနှင့် မြန်မာကျပ်ငွေများ လုယက်၍ လိုင်းကားပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့မှုမှာလည်း ယနေ့အချိန်ထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။


CreditL the voice