shared by ThiThi on 17/05/17  -  momolay.com  -  News


တရုတ်နိုင်ငံက တစ်ခုလပ် မိခင်တစ်ဦးဟာ သူ့ရဲ့ မသန်စွမ်း သားငယ်ကို စိန်ခေါ်မှု အမျိုးမျိုးတွေကြား ဖြတ်ကျော်နိုင်အောင် ပြုစုပေးနိုင်ခဲ့သလို နောက်ထပ် အောင်မြင်မှုတစ်ရပ် အနေနဲ့ သူ့သားကို Harvard တက္ကသိုလ်က ၀င်ခွင့်ပြုတဲ့အထိ အောင်မြင်အောင် ကူညီ၊ ပျိုးထောင် ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ Zou Hongyan ဆိုသူ မိခင်ရဲ့ သားငယ်လေး Ding Ding ဟာ ၁၉၈၈ ခုနှစ်မှာ မွေးဖွားလာခဲ့တာ ဖြစ်ပြီး အသက်ရှူကျပ်တဲ့ ရောဂါဝေဒနာနဲ့ သေလုနီးပါး ဖြစ်ခဲ့ပေမဲ့ မသေလို့ အသက်ရှင်ပြန်တော့လည်း Cerebral Palsy(မမွေးမီ (သို့) မွေးစဉ်က ဦးနှောက်ချွတ်ယွင်းသွားသောကြောင့် ကိုယ်အင်္ဂါအချို့ မလှုပ်ရှားနိုင်သော ရောဂါ) ဝေဒနာတစ်မျိုးကို ခံစားခဲ့ရပြန်ပါတယ်။ SCMP က သတင်းရင်းမြစ်ကို ကိုးကားပြီး Xinhua ရဲ့ ပြန်လည်ဖော်ပြမှုအရ Hubei Province က ဆေးရုံ ဆရာဝန်တွေကတောင် သားငယ်လေး Ding Ding ကို လက်လျှော့လိုက်တော့ဖို့ မိခင် ဖြစ်တဲ့ Zou ကို အကြံပေးခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးလေးကို ကယ်နိုင်မယ်ဆိုရင်တောင် ဘယ်မှာမှ သုံးမရတော့ဘဲ အသက်ကြီးလာတဲ့အခါမှာလည်း ဥာဏ်ရည်နိမ့်ပါးပြီး ဘ၀တစ်လျှောက်လုံး ဒုက္ခိတဘ၀နဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ ဆရာဝန်တွေက အသိပေးခဲ့ကြတာပါ။

ဆရာဝန်တွေရဲ့ အကြံပေးချက်ကို Zou ရဲ့ ခင်ပွန်းသည်ကလည်း လက်ခံသလို မိသားစုအတွက် ၀န်ထုပ်ဝန်ပိုး အဖြစ်မခံစေချင်တဲ့အကြောင်း Zou ကို အတိအလင်း အသိပေးခဲ့ပြန်ပါတယ်။ ဒါပေမဲ့ Zou ကတော့ ရင်နဲ့လွယ်ပြီး မွေးခဲ့ရတဲ့ မိခင်ကောင်းတစ်ယောက် ပီပီပဲ သားငယ်လေးကို မွေးဖို့ အတင်းအကျပ်၊ မရမက တောင်းဆိုတဲ့အခါမှာတော့ ခင်ပွန်းဖြစ်သူဟာ တာဝန်ယူမှု မရှိသလိုနဲ့ ဇနီးသည်ကို ကွာရှင်းသွားခဲ့ပါတယ်။ တစ်ခုလပ် ဖြစ်သွားချိန်မှာတော့ Zou ဟာ သားငယ်လေးကို ပြုစုပျိုးထောင်ဖို့နဲ့ သားငယ်လေးရဲ့ ဆေးကုသစရိတ် ကုန်ကျမှုတွေကိုပါ ပေးချေနိုင်ဖို့အတွက် ကြိုးစားရုန်းကန်ရတော့မယ် ဆိုတာ ဘ၀ပေး အခြေအနေအရ အလိုလို သိလိုက်ပြီး အချိန်ပြည့်အလုပ်တွေ၊ အချိန်ပိုင်းအလုပ်တွေ အပြင် ဘေးပန်းအလုပ်အဖြစ်လည်း အာမခံကုမ္ပဏီမှာ အရောင်းဝန်ထမ်း ၀င်လုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့ပြင် Zou ဟာ သူ့ရဲ့သားငယ်လေး ပြန်လည် နာလန်ထူနိုင်ရေး အတွက် အလှည့်ကျ ပုံမှန် အချိန်ပေးနိုင်ဖို့အပြင် ကုသနိုင်မယ့် နည်းလမ်းတွေကိုပါ လေ့လာရှာဖွေခဲ့သလို သားငယ်လေး ဦးနှောက် ဖွံ့ဖြိုးတိုးတက်လာပြီး ဥာဏ်ရည် မြင့်မားလာစေဖို့အတွက်ကိုလည်း တက်ကြွစေမယ့် ဂိမ်းတွေနဲ့ Puzzlle ဂိမ်းတွေကိုပါ အတူတကွ ကူဆော့ပေးခဲ့ရသေးတယ်လို့လည်း သိရပါတယ်။ မိခင်ရဲ့ မဆုတ်မနစ် အားပေးထောက်ခံမှုတွေနဲ့အတူ Ding Ding ဟာ အတားအဆီး တချို့ကို ကျော်ဖြတ်နိုင်ခဲ့ပြီး အစား စားဖို့ တူကို အသုံးမပြုနိုင်တဲ့ သူ့ရဲ့ လက်တွေကိုလည်း တူ အသုံးပြုလာနိုင်အောင် မိခင်ကပဲ ကူညီ သင်ကြားပေးနိုင်ခဲ့ပါတယ်။ “သားငယ်လေးရဲ့ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက် ပြဿနာတွေက ရှက်စရာ အဖြစ် သူ့ကို မခံစားရစေချင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာက သိမ်ငယ်စရာတွေ အများကြီးပဲလေ” လို့ မိခင်ဖြစ်သူက ပြောပါတယ်။ အခုအခါမှာ အသက် ၂၉ နှစ်ရှိပြီ ဖြစ်တဲ့ Ding Ding ကတော့ “အမေ့ရဲ့ လမ်းပြသွန်သင်မှုတွေက အခက်အခဲ၊ အတားအဆီးတွေကို ကျော်ဖြတ်နိုင်စေသလို ပညာရေးမှာ ထူးချွန်ဖို့လည်း အားဖြစ်စေပါတယ်” လို့ မိခင်ကို ကျေးဇူးစကား ပြောပါတယ်။

Ding Ding ဟာ ၂၀၁၁ ခုနှစ်မှာ Peking Univesity ကနေ Environmental Science and Engineering School ဘာသာနဲ့ ဘီအေဘွဲ့ ရရှိခဲ့ပါတယ်။ ဒါ့ပြင် သူဟာ မာစတာဘွဲ့ ရဖို့အတွက် University’s International Law School ကို ထပ်မံဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ မိခင်ကို ပြန်ကူနိုင်ဖို့အတွက် ၂ နှစ်လောက် အလုပ်ထဲ ၀င်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အမေဟာ သူ့ကို Harvard ကျောင်းအထိ ပညာဆက်လက်သင်ယူစေဖို့ အတင်းအကျပ် ထပ်မံတောင်းဆိုလာပြန်တာကြောင့် အဓိက မေဂျာ ဘယ်ဘာသာရယ်လို့ မသတ်မှတ်ဘဲ လျှောက်လိုက်တဲ့အခါမှာ အဟန့်အတား၊ အကျပ်အတည်းတွေကြားထဲ အားလုံးကို ချေဖျက်နိုင်ခဲ့ပြီး ၀င်ခွင့် လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ “Harvard တက္ကသိုလ်ကို တက်ရောက်ဖို့ ကျွန်တော်က ဘယ်လိုလုပ် သတ္တိရှိမှာလဲဗျာ၊ ဒါပေမဲ့ အမေက ကျွန်တော့်ကို အားပေး၊ တိုက်တွန်းပြီး မရဲတရဲနဲ့ လျှောက်လိုက်တာ၊ အမေကပဲ အားလုံးကို ရှေ့ဆောင်လမ်းပြခဲ့တာပါ” လို့ Ding က CGTN ကို ပြောပါတယ်။ Ding Ding ဟာ တရုတ်နိုင်ငံ၊ Hubei Province မှာ နေထိုင်တဲ့ မိခင်ကို ထားရစ်ခဲ့ပြီး Harvard University ကို ပြီးခဲ့တဲ့နှစ်က ထွက်ခွာသွားခဲ့ပေမဲ့ မိခင်ကို လွမ်းဆွတ်၊ သတိရကြောင်းကိုတော့ အမြဲလိုလို ဖွင့်ဟတယ်လို့ သိရပါတယ်။
Crdit:momolay