shared by MaMa on 15/07/14  -  myanmarlatestnews.com  -  Personals

‘ဆရာမစာပါတယ်ခင်ဗျ’ အိမ်ရှေ့မှစာပို့သမား၏ ခေါ်သံကြောင့် စာရေးဆရာမနှင်းနုအိမ်ပြင်သို့ ထွက်လာခဲ့သည်။ သာမန်စာများထက်ပိုထူ၍၊ ပိုရှည်သော စာအိတ်တစ်အိတ်နှင့် အခြားစာများကို လက်ခံယူပြီး စာပို့သမားလေးကို ကျေးဇူးတင်စကားပြောလိုက်သည်။ စာရေးဆရာမဆီလာသော စာအများစုမှာ မိတ်ဆက်စာ၊ ဝေဖန်အကြံပေးစာများနှင့် မိမိတို့၏ကိုယ်တွေ့အဖြစ်အပျက်များကို ရေးဖွဲ့ရန်ဇာတ်လမ်းကျောရိုးကလေးများ ပေးထားသည့်စာသားများ အဖြစ်များတတ်သည်။ စာအိတ် ပါးများကို ဖွင့်ဖောက်ကြည့်လိုက်ရာ မိတ်ဆက်စာများဖြစ်နေသည်။ ‘အင်း-ညနေကျရင်တော့ အေး အေးဆေးဆေး စာပြန်ရေးရမယ်’ ဟုစဉ်းစားရင်း စာအိတ်ထူကိုဖွင့်ဖောက်ကြည့်လိုက်သည်။ စာအိတ် ပေါ်ကလက်ရေးကို ရင်းရင်းနှီးနှီးမြင်ဖူးသဖြင့် သူငယ်ချင်းတစ်ယောက်ယောက်၏ စာဖြစ်မည်ဟု နှင်းနု တွေးလိုက်သည်။

မိမိဇာတိမြို့နှင့် ဝေးရာသို့ရောက်ရှိနေချိန်တွင် သူငယ်ချင်းတစ်ယောက်ဆီမှ စာကိုဖတ်ရတော့မည်ဟူ သောအသိဖြင့် ဝမ်းသာသွားသည်။ စာကိုဖွင့်ဖောက်နေသည့် နှင်းယုလက်တွေတုန်ယင်နေသည်။ ‘သြော်-ရန်ကုန်ကိုမပြန်ဖြစ်တာ သုံးနှစ်ကျော်ရှိနေပြီပဲ’။ တွေးရင်း၊ တွေးရင်း အဖေ၊ အမေနှင့် မောင်နှမ များကိုသတိရမိသည်။ ခင်ပွန်းတာဝန်ကျရာ နယ်မြို့လေးသို့လိုက်ပါရင်း အမေတို့ဆီမပြန်နိုင်တာကြာခဲ့ ပြီ။ ခင်ပွန်းအတွက် အိမ်ရှင်မတာဝန်ကျေပွန်ရန်၊ သားနှစ်ယောက်အတွက် ကလောင်တာဝန်ကျေပွန် ရန်ကြိုးစားရင်း အချိန်များကုန်ခဲ့သည်။ တယ်လီဖုန်းဆက်သွယ်ရေးလွယ်ကူသည်မို့ မိဘများဆီ တစ် ပတ်တစ်ခါ ဖုန်းဆက်ရင်း၊ မိမိဘဝအပူအမောများကို အမေ့ဆီရင်ဖွင့်ရင်း အမေ့အိမ်ကိုတော့ ရောက် အောင်မပြန်နိုင်ခဲ့ပါ။ အဖေနှင့်အမေကတော့ မြေးကလေးနှစ်ယောက်အသံကို တစ်ပတ်တစ်ခါကြားရုံ နှင့်ပင် ကျေနပ်နေတတ်သည်။

အတွေးနယ်လွန်ရင်း ဖွင့်ဖောက်မိသည်မို့ စာအိတ်ထဲက ဓာတ်ပုံလေးကအောက်သို့ပြုတ်ကျသွား သည်။ ဓာတ်ပုံကိုကောက်ယူကြည့်ရင်း နှင်းနုအံ့သြသွားသည်။ ‘သူငယ်ချင်း ရေကြည်အေး သီလရှင် ဝတ်နဲ့ပုံပါလား’ ဖြူစင်ဝင်းပသည့် ရေကြည်အေး၏ အသားအရေကသီလရှင်ဝတ်ရုံ ပန်းရောင်လေးနှင့် လွန်စွာတင့်တယ်နေသည်။ တည်ငြိမ်အေးချမ်းသည့် အသွင်ကိုဆောင်နေသည်။ တစ်ချိန်တုန်းက ဖြူ ဖွေးနေသည့်အသားအရေ၊ နက်မှောင်သန်စွမ်းသည့် ဆံပင်ရှည်နှင့် ရေကြည်အေးသည် နှင်းနုတို့မြို့မှာ တော့ထင်ရှားသူတစ်ယောက် ဖြစ်ခဲ့သည်။

နှင်းနုစိတ်လှုပ်ရှားစွာဖြင့် ငယ်သူငယ်ချင်း၏စာကို ဖတ်ကြည့်မိသည်။ ဖတ်ရင်း၊ ဖတ်ရင်းဆို့နင့်ကြေကွဲ လာသည်။ တစ်ချိန်က အပူအပင်ကင်းမဲ့ခဲ့သော၊ ပြည့်စုံခဲ့သော၊ ပျော်ပျော်ရွှ့င်ရွှင် နေတတ်သောသူ ငယ်ချင်း၏ ရယ်မောနေသည့် မျက်နှာလေးကို ပြန်မြင်ယောင်မိသည်။ နှင်းနုနယ်မြို့လေးသို့မပြောင်း ခင်ရေကြည်အေး၏ နှစ် (၄၀) ပြည့်မွေးနေ့မှာ သူငယ်ချင်းများစုစုစည်းစည်း ပျော်ရွှင်ခဲ့ပုံကိုလည်း သတိရနေမိသည်။

အိမ်ထောင်ကျပြီးသား သူငယ်ချင်းတွေက အပျိုကြီးဖြစ်နေသည့် သူငယ်ချင်းများ၏ လွတ်လပ်မှုကို အားကျနေခဲ့ကြသည်။ ‘ဒီလိုမှန်းသိ ငါတို့လည်းယောက်ျားမယူပါဘူးဟာ။ နင်တို့လိုအပျိုကြီးပဲ လုပ်ပါ တယ်’ ဟု နှင်းနုကိုယ်တိုင် အပျိုကြီးတစ်စုကို အားကျစွာထုတ်ဖော်ပြောခဲ့ဖူးသည်။ အိမ်ထောင်ရှင်မ များပီပီ ရေကြည်အေး၏ မွေးနေ့ပွဲမှာ ကြာကြာမနေနိုင်ဘဲ အိမ်ကိုအမြန်ပြေးရသည့် သူငယ်ချင်းများကို ကျန်ခဲ့သည်အပျိုကြီးများနောက်ပြောင်ရယ်မောခဲ့ကြသည်။ ဒီလိုပျော်ရွှင်စရာအချိန်လေးတွေ မနေ့ တစ်နေ့ကလိုပါပဲလား သူငယ်ချင်းရယ်။

‘ဆရာလေးရဲ့ ဘွဲ့နာမည်က ရူပမာလာတဲ့။ ဆရာလေးသီတင်းသုံးတဲ့ ကျိုက်ခေါက်ဘုရားနားက သီလရှင်ကျောင်းကို တစ်ခေါက်လောက်လာခဲ့စေချင်တယ်တဲ့။ ဘယ်တော့ရောက်လာမယ်လို့ အတိ အကျမပြောနိုင်ပေမယ့် ဆရာလေးရဲ့အဖြစ်အပျက်တွေအတွက် ဝတ္ထုလေးတစ်ပုဒ်လောက်ရေးဖြစ် အောင် ရေးပါဆိုတဲ့ဆရာလေးရဲ့ တိုက်တွန်းစကားကိုတော့ ဖြစ်မြောက်အောင်တပည့်တော် ဆောင် ရွက်ပေးပါ့မယ်’။

တကယ်တော့ ရေကြည်အေး၏ ဘဝကအစစအရာရာ ပြည့်စုံခဲ့ပါသည်။ အေးဆေးသော မိဘနှစ်ပါးနှင့် သူ့ထက်အသက်သုံးနှစ်ကြီးသော အစ်ကိုတို့က သူ့ကိုအလိုလိုက် ချစ်ခဲ့ကြသည်။ မောင်နှမနှစ်ယောက် တည်းမို့ သူကလည်းအစ်ကို့စကားကို မြေဝယ်မကျနားထောင်ခဲ့သည်။ ရေကြည်အေးမိဘများ အသက် အရွယ်ရလာချိန်မှာ အိမ်၏စီးပွားရေးအတွက် အစ်ကိုကအစစအရာရာ ဦးဆောင်ခဲ့သည်။

ရေကြည်အေးကတော့ ကျန်းမာရေးမကောင်းသော မိဘများကိုစောင့်ရှောက်ရင်း အိမ်မှုကိစ္စများကို တာဝန်ယူခဲ့သည်။ သူငယ်ချင်းအားလုံး တက္ကသိုလ်မှဘွဲ့ရပြီး လုပ်ငန်းခွင်အသီးသီး ဝင်ခဲ့သော်လည်း ရေကြည်အေးတစ်ယောက် ပြင်ပအလုပ်မလုပ်ခဲ့ရပေ။ သူ၏တစ်ဦးတည်းသော အစ်ကိုကခွင့်မပြုသော ကြောင့်ဖြစ်သည်။ ညီမလေးကိုချစ်ခင်အလိုလိုက်သည့် ရေကြည်အေးအစ်ကို၏ အချစ်ကိုနှင်းနုသူငယ် ချင်းများအားလုံး လေးစားအားကျခဲ့ရသည်။ ရေကြည်အေးတစ်ယောက် ပြင်ပစီးပွားရေးလုပ်ငန်းများကို တစ်ခုမျှနားမလည်ခဲ့ပါ။ နားလည်စရာမလိုအောင်လည်း သူ့အစ်ကိုကပြည့်စုံအောင်ထားခဲ့သည်။ ရေ ကြည်အေးအစ်ကို၏ ကားအကျိုးဆောင်လုပ်ငန်းကလည်း အောင်မြင်လှသည်။

နှင်းနုက ပြင်ပကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်ရင်းဝါသနာအရ စာပေရေးသားခြင်းကို အစပြုခဲ့သည်။ ထို့နောက်အထက်တန်းပြဆရာ ကိုအောင်ဆွေနှင့် တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ပြီး အသက် ၃၀ အရွယ်မှာ လက်ထပ်ခဲ့သည်။ နှင်းနုလက်ထပ်ခါနီးအချိန်တွင် ရေကြည်အေး၏ချစ်သူ (တက္ကသိုလ်တက်စဉ်က တွေ့ဆုံခဲ့သည့်) က လူကြီးစုံရာနှင့် တောင်းရမ်း၍ ရေကြည်အေးကို လက်ထပ်ခွင့်တောင်းခဲ့သည်။ ထိုစဉ်ကသူ၏အစ်ကို ခွင့်မပြုခဲ့သဖြင့် လက်ထပ်မည့်ကိစ္စကို ရေကြည်အေးက ငြင်းပယ်ခဲ့သည်။ ‘အဖေ၊ အမေနဲ့ ညီမလေးကိုကိုကြီးတစ်သက်လုံး တာဝန်ယူစောင့်ရှောက်သွားမယ်။ ငါ့ညီမလေး အိမ် ထောင်ပြုစရာမလိုဘူး။ ကိုကြီးတို့ မိသားစုတစ်သက်လုံး ချစ်ချစ်ခင်ခင် နေသွားကြမယ်။ သူစိမ်းကို အားကိုးစရာမလိုဘူး’ ဆိုသော သူ့အစ်ကို၏ ချိုသာပြတ်သားသော စကားလုံးများကြားထဲတွင် ချစ်သူ အပေါ် ရေကြည်အေးအသည်းမာခဲ့သည်။ အသည်းကွဲမျက်ရည်ကျနေသည့် ချစ်သူကိုလျစ်လျူရှုနိုင်ခဲ့ သည်။ လာတောင်းပန်သည့် ချစ်သူ၏အစ်မကိုလည်း မသိကျိုးကျွန်ပြုခဲ့သည်။ တစ်သက်လုံး အစ်ကို့စ ကားကိုမပယ်ရှားခဲ့သည့် ရေကြည်အေးကို နှင်းနုတို့သူငယ်ချင်းများ အံ့သြခဲ့ရသည်။

‘မိန်းကလေးဆိုတာ အရွယ်ရှိတုန်းအိမ်ထောင်ပြုရတာ ရေကြည်ရဲ့။ တို့အသက်အရွယ်တွေက အိမ် ထောင်ပြုဖို့နောက်ကျနေပြီ။ ဒီလောက်နှစ်တွေအကြာကြီး နင့်အပေါ်စိတ်ရှည်ရှည်နဲ့ သစ္စာရှိရှိချစ်ခဲ့တဲ့ ချစ်သူကိုအားနာပါဦးဟယ်။ နင့်အစ်ကိုစိတ်ဆိုးလည်း ခဏပေါ့။ နောက်တော့စိတ်ပြေသွားမှာပါ” ဟု နှင်းနုတို့သူငယ်ချင်းများ ဝိုင်းပြောတော့သူကမတုန်မလှုပ်။

‘ဟဲ့ နင့်အစ်ကိုစကားကို သိပ်မယုံနဲ့။ ယောက်ျားလေးတွေက ဘယ်အချိန်အိမ်ထောင်ပြုပြု တင့်တယ် တယ်ဟဲ့။ နင့်အစ်ကိုအသက်ကြီးမှ မိန်းမငယ်ငယ်လေးယူရင် နင်ဒုက္ခလှလှတွေ့မယ်မိန်းမရဲ့’ လို့ အား မလိုအားမရခြိမ်းခြောက်တော့ သူကမခိုးမခန့်နှင့် ပြုံးနေသည်။

‘ငါ့အစ်ကိုက ဘယ်တော့မှ မိန်းမယူမှာမဟုတ်ဘူး။ ငါ့ကိုသိပ်ချစ်တာ’ ဆိုပြီး ပိုင်ပိုင်နိုင်နိုင်ပြောနေတဲ့ ရေကြည်အေးကို နှင်းနုတို့သူငယ်ချင်းများအားလုံး အရှုံးပေးခဲ့ရသည်။ ကျန်းမာရေးမကောင်းသည့် မိဘများကတော့ သားနှင့်သမီးစိတ်ချမ်းသာသလို ဆုံးဖြတ်ပါဟုခွင့်ပေးထားခဲ့သည်။ နောက်ငါးနှစ်ကြာ သည့်အချိန်မှာ ရေကြည်အေး၏ချစ်သူ လက်ထပ်သည့်သတင်း သတင်းစာထဲမှာတွေ့သည့်အချိန် နှင်းနုကခင်ပွန်းတာဝန်ကျရာ မြေလတ်မြို့လေးတစ်မြို့မှာ ရောက်ရှိနေခဲ့သည်။ စိတ်မကောင်းစွာဖြင့် ရေကြည်အေး၏ ဟန်းဖုန်းကိုလှမ်းဆက်တော့ ဖုန်းပိတ်ထားသည်တဲ့။

ရေကြည်အေး၏ စာထဲတွင်ပါသည့် အကြောင်းအရာများက နောက်ပိုင်းဖြစ်ပျက်ခဲ့သော အိမ်တွင်းရေး အခြေအနေတွေ ဖြစ်သည်။ ရေကြည်အေးအသက် ၄၂ နှစ်ပိုင်း သူ့အစ်ကို၏ စီးပွားရေးလုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်အောင်မြင်လာခဲ့သည်။ စီးပွားရေးလုပ်ငန်းများ အောင်မြင်ခြင်းနှင့်အတူ သူ့အစ်ကို ကုမ္ပဏီမှအသက် ၂၅ နှစ်ခန့် စာရေးမလေးတစ်ဦးနှင့် သူ့အစ်ကို၏ အချစ်ဇာတ်လမ်းကလည်း ပျံ့နှံ့ လာသည်။ အိမ်အရေးကိစ္စကြီးငယ်ရှိရှိ ရေကြည်အေးက သူ့အစ်ကိုဆီဖုန်းဆက်လျှင် သူ့အစ်ကို၏ ဟန်းဖုန်းကို ထိုစာရေးမကကိုင်ထားသည်။ စာရေးမ၏ မာကျောခက်ထန်သောအသံနှင့် စစ်ဆေးမေး မြန်းမှုတွေပြီးမှသာ သူ့အစ်ကိုနှင့် ဖုန်းပြောခွင့်ရသည်။

‘ကိုကြီးရုံးက စာရေးမတွေက အပေါက်ဆိုးတယ်’ လို့ရေကြည်အေးက သူ့အစ်ကိုကိုပြောမိသေးသည်။ ‘ငါ့ရုံးက ဝန်ထမ်းတွေကို လူအများနဲ့ဆက်ဆံတတ်အောင် သေချာလေ့ကျင့်ပေးထားတာ၊ နင်ကအိမ်ထဲ မှာပဲနေပြီး ထင်ရာတွေလျှောက်မပြောနဲ့’ ဆိုတဲ့ စကားတစ်ခွန်းဖြင့် ရေကြည်အေးနှုတ်ပိတ်နေခဲ့ရ သည်။

အသက် ၄၆ နှစ်အရွယ် ရေကြည်အေး၏ အစ်ကိုက အသက် ၂၅ နှစ်အရွယ် မိန်းကလေးနှင့် သမီးနဲ့ဦး ဇာတ်လမ်းကိုဖန်တီး၍ အိမ်ထောင်ပြုချိန်မှာတော့ ရေကြည်အေး၏ဘဝ ဒုက္ခစတွေ့ရခြင်းဖြစ်သည်။ အိမ်ကြီးရှင်မမက တစ်အိမ်လုံးသူ့ခြေ၊ သူ့လက်၊ စိတ်ကြိုက်ပြောင်းလဲပြီးချိန်မှာ ရေကြည်အေးက နောက်ဖေးမီးဖိုခန်းနှင့် ကပ်လျက်အခန်းကျဉ်းလေးထဲ ရောက်သွားခဲ့ရသည်။ ရေကြည်အေးအစ်ကိုက ‘သမီးသဘော၊ သမီးသဘော’ နှင့် သူ့မိန်းမဘာလုပ်လုပ် သဘောကျနေတတ်သည်။ အရင်နှင့်မတူ လုံးဝပြောင်းလဲသွားသော သူ့အစ်ကိုကိုရေကြည်အေး အံ့သြမိသည်။ မိဘနှင့်ညီမသည် သူစိမ်းပြင်ပြင်၊ သူ့ဘဝသူ၊ သူ့ကမ္ဘာသည် သူ့မိန်းမပင်ဖြစ်နေသည်။

ကုမ္ပဏီ၏ဝင်ငွေ၊ ထွက်ငွေ၊ ကိန်းဂဏန်းများကို သိနေသည့် မိန်းမကဝင်ငွေစာရင်းများကို ချုပ်ကိုင် လိုက်သည်။ ရေကြည်အေးက တစ်နေ့စာဈေးဖိုး၊ မုန့်ဖိုးကိုယောင်းမဆီက မျက်နှာငယ်ငယ်နဲ့ လက်ဖြန့် တောင်းခံခဲ့ရသည်။ ထမင်းဟင်းချက်၊ အဝတ်လျှော်နှင့် ရေကြည်အေးအဆင့်က အိမ်အကူသာသာမျှ သာရှိတော့သည်။ ပိုက်ဆံတောင်းချိန်မှာ ယောင်းမက ဆူပူဆောင့်အောင့်ပြီး ပေးတတ်သည်။

‘အိမ်မှာလူပိုတွေ တင်ကျွေးထားရတာ စိတ်ရှုပ်တယ်။ အလုပ်လည်းထွက်မလုပ်ကြဘူး။ ပိုက်ဆံဘယ် လိုရှာရတယ်ဆိုတာ နားမလည်ကြဘူး။ အချောင်ရလို့ အချောင်ကပ်စားနေကြတာ’ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး စောင်းမြောင်းပြောဆိုတတ်သည့် ယောင်းမစကားများကို အစ်ကို့အားပြန်တိုင်မိ သည်။

‘နင်ကအိမ်မှာနေပြီး ပြဿနာပဲရှာနေတာ။ ငါ့မိန်းမစိတ်ဓာတ်ကို ငါသေချာသိတယ်။ ဒီလိုသဘောထား သေးသိမ်တဲ့ မိန်းမမဟုတ်ဘူး။ ဒီမှာရေကြည်အေး နင့်ကိုပါပြောမယ်။ သေချာနားထောင်။ နင်ဒီအိမ်မှာ ဆက်နေချင်ရင် ငါ့မိန်းမနဲ့တည့်အောင်ပေါင်း။ ငါ့မိန်းမနဲ့မတည့်ရင် အိမ်မှာမနေနဲ့။ အဖေနဲ့အမေကို ငါကျွေးနိုင်တယ်။ မိဘတွေကိုအကြောင်းပြပြီး အိမ်မှာကပ်နေချင်ရင်လည်း ငါတို့လင်မယားကွဲအောင် သွေးမထိုးနဲ့။ ဒါပဲ’ ဒေါသတကြီးပြတ်ပြတ်သားသား ပြောပြီးလှည့်ထွက်သွားသည့် သူ့အစ်ကို၏နောက် ကျောပြင်ကို ရေကြည်အေးမျက်ရည်ကြားမှ ငေးကြည့်နေမိသည်။ ဘာမှမစွမ်းဆောင်နိုင်တော့သည့် မိဘတွေကသမီးအတွက် စိတ်မကောင်းပေမယ့် ရှာဖွေကျွေးမွေးနေသည့် သားကိုလည်းဘာမှမပြော နိုင်ခဲ့ပါ။

စာ၏နောက်ဆုံးအပိုဒ်ကိုဖတ်ပြီး နှင်းနုမျက်ရည်ကျမိသည်။

‘သူငယ်ချင်း ဒကာမလေး နှင်းနုရေ။ အဲဒီအချိန်က ဆရာလေးလေ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လည်း စဉ်းစားမိတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အတွက် အဖန်ငါးရာငါးကမ္ဘာဆိုတဲ့ ဝဋ်ကြွေးကို လည်း ကြောက်မိတယ်။ အပြင်ထွက်ပြီး စီးပွားရေးလုပ်ဖို့ကလည်း ဆရာလေးကဘာမှ မလုပ်ဖူးတော့ မလုပ်တတ်ဘူး။ ဆရာလေးရဲ့ အစ်ကိုကိုလည်း စကားလုံးဝမပြောချင်တော့ဘူး။ သူဟာဆရာလေးရဲ့ ဒုတိယဖခင်ပါ။ ဆရာလေးဘဝမှာ မတောင့်မတ မကြောင့်မကြနေရအောင် ရှာဖွေကျွေးမွေးခဲ့သူပါ။ သူ့ကိုဒေါသစိတ်ပေါ်ရင် ဆရာလေးငရဲကြီးမှာသိနေတယ်။ ခင်ပွန်ကြီး ၁၀ ပါးထဲမှာပါတဲ့ ဆရာလေးရဲ့ ကျေးဇူးရှင်အစ်ကိုပါ။ ဒါပေမဲ့ ကိုယ့်ထက်အသက်အများကြီးငယ်တဲ့ ယောင်းမရဲ့နှိမ့်ချဆက်ဆံမှုတွေကို လည်း ဆရာလေးခံနိုင်ရည်မရှိဘူး။ နောက်ဆုံးတော့ အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းကို ဆရာ လေးရွေးချယ်ခဲ့တာပါ’။ ဆရာလေးရူပမာလာရဲက စာအဆုံးမှာ ‘ဖြစ်ရလေသူငယ်ချင်းရယ်’ ဆိုပြီး နှင်းနု ရှိုက်ကြီးတငင်ငိုချမိလိုက်သည်။

‘နှင်း . . . . ဘာဖြစ်လို့ ငိုနေတာလဲ နှင်းရယ်’ စိုးရိမ်တကြီးမေးရင်း မောင်က အနားကိုရောက်လာခဲ့ပါ သည်။ နှင်းနုမှာတော့ ဘဝအမောတွေဖြေသိမ့်စရာ၊ နားခိုစရာ မောင့်ရင်ခွင်ကျယ်ကြီးရှိပါသည်။ မောင့်ရင်ခွင်ထဲမှာ နားခိုရင်းဆရာလေးရူပမာလာ၏ တည်ငြိမ်အေးချမ်းသည့် မျက်နှာလေးကိုမြင် ယောင်နေမိပါတော့သည်။ ။

စံတော်ချိန်သတင်းစာ

ဇွန် (၁၁) ရက်၊ ၂၀၁၄ ခုနှစ်